အမျိုးသားများတွင် မဟော်မုန်းများခြင်းကြောင့် ရောဂါဖြစ်လာနိုင်လား
ယောက်ျားလေးတွေမှာရော မိန်းကလေးတွေမှာပါ ကျားဟော်မုန်း (Testosterone) နဲ့ မဟော်မုန်း (Estrogen) ၂ မျိုးလုံးရှိပေမယ့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသားတွေမှာ ကျားဟော်မုန်းပိုများပြီး အမျိုးသမီးတွေမှာတော့ မဟော်မုန်းပိုများမှသာ ဟော်မုန်းမျှခြေ (Balance) ညီပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းစွာ လည်ပတ်နိုင်မှာဖြစ်ပါတယ်။
အမျိုးသားတွေမှာ ရှိသင့်တဲ့ မဟော်မုန်း ပုံမှန်ပမာဏ
- လူပျိုမဖြစ်သေးသော အမျိုးသားများ - 16 pg/ml
- လူပျိုဝင်ကာစအရွယ် အမျိုးသားများ - 60 pg/ml
- အရွယ်ရောက်ပြီး အမျိုးသားများ - 10 -60 pg/ml အတွင်းပဲ ဖြစ်ပါတယ်။
ယောက်ျားလေးတွေမှာ ကျားဟော်မုန်းပိုများပြီး မိန်းကလေးတွေမှာတော့ မဟော်မုန်း ပိုများနေမှသာ ဟော်မုန်းမျှခြေ ရှိတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ဒီလိုမဟုတ်ဘဲ အမျိုးသားတွေမှာ ကျားဟော်မုန်းထက် မဟော်မုန်း ပိုများနေပြီဆိုရင် ဆိုးကျိုးသက်ရောက်မှုများအနေနဲ့
၁။ သုက်ပိုးကောင်ရေ လျော့နည်းသွားပြီး သုက်ပိုးရဲ့ ကူးခတ်နှုန်း၊ ကျန်းမာမှုဟာ ဆုတ်ယုတ်လာတဲ့အတွက် အမျိုးသားများရဲ့ မျိုးအောင်နိုင်ခြေ ကျဆင်းပြီး ကလေးရနိုင်ခြေ နည်းသွားနိုင်တယ်။
၂။ မဟော်မုန်းတွေဟာ ရင်သားကြီးထွားမှုကို ဖြစ်စေတဲ့အတွက် အမျိုးသားတွေမှာ ရင်အုပ်အစား ရင်သားများဖြစ်ပြီး နို့များ တွဲကျလာခြင်း၊ နို့သီးခေါင်းများ ကြီးလာခြင်း၊ နို့သီးခေါင်းထိပ်မှ ညှစ်လိုက်ရင် နို့ရည်များ ထွက်လာခြင်းတွေ ဖြစ်နိုင်တယ်။
၃။ လိင်စိတ်ဆန္ဒများ လျော့နည်းသွားတဲ့အတွက် လိင်မှုကိစ္စမှာ စိတ်ပါဝင်စားမှု နည်းသွားသလို လိင်တံထောင်မတ်နိုင်စွမ်းကိုလည်း ကျစေနိုင်ပါတယ်။
၄။ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတွေမှာ မဟော်မုန်းများလွန်းနေပြီဆိုရင် ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပြီး အရပ်ပုတာ၊ လူကောင်သေးညှက်တာ၊ လူပျိုတစ်ယောက်မှာ ဖြစ်သင့်တဲ့ ကြီးကောင်ဝင်ရန် ပြောင်းလဲမှုများ နှေးကွေးတာတွေ ဖြစ်နိုင်သလို လူပျိုဖြစ်ချိန်လည်း နောက်ကျနိုင်ပါတယ်။
၅။ အမျိုးသားတွေရဲ့ သက်လုံကျဆင်းပြီး ဘာမှမလုပ်ဘဲ မောပန်းတာ၊ ခေါင်းမူးတာတွေ ဖြစ်နိုင်တယ်။
၆။ ကြွက်သားထု၊ အရိုးသိပ်သည်းဆတွေ ကျုံ့သွားပြီး ကိုယ်ခန္ဓာ သေးသွယ်လာကာ ကိုယ်အလေးချိန် ကျလာမယ်။
၇။ ဆံပင်များ ကျွတ်တာ၊ ပါးတာတွေ ဖြစ်လာမယ်။
၈။ လိင်အင်္ဂါနဲ့ ဝှေးစေ့အရွယ်အစား သေးငယ်သွားမယ်၊ ကျုံ့သွားနိုင်တယ်။
ယောက်ျားလေးတွေမှာ မဟော်မုန်းများလို့ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်လား
တော်တန်ရုံများခြင်းဟာ ပြဿနာမဟုတ်ပေမဲ့ ယောက်ျားလေးတွေမှာ သတ်မှတ်ပမာဏထက်ပိုပြီး မဟော်မုန်း များနေပြီဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ကြီးမားတဲ့ ပြဿနာများအနေနဲ့ ကြည့်မယ်ဆိုရင်
၁။ မျိုးမအောင်နိုင်ခြင်း၊ မြုံခြင်း (Infertility) - အမျိုးသားတွေရဲ့ ဝှေးစေ့၊ ဆီးကျိတ်ကနေ ထုတ်လုပ်လိုက်တဲ့ ကျားဟော်မုန်းများဟာ သုက်ပိုးကောင်တွေရဲ့ ကျန်းမာရေး၊ ကူးခတ်နိုင်စွမ်း၊ မျိုးအောင်နိုင်မှုစွမ်းရည်ကို မြင့်တက်စေပါတယ်။ ကျားဟော်မုန်းနည်းပြီး မဟော်မုန်းများလာတဲ့အခါ သုက်ပိုးကောင်တွေရဲ့ ကျန်းမာရေး ကျဆင်းလာတဲ့အတွက် အလွယ်တကူ မျိုးမအောင်နိုင်ဘဲ ကလေးရဖို့ ခက်ခဲသွားမယ်၊ ကြာလာတဲ့အခါ မြုံသွားတဲ့အဆင့်ထိ ဆိုးရွားလာနိုင်ပါတယ်။
၂။ အမျိုးသားများတွင် ရင်သားကြီးခြင်း (Gynecomastia) - မဟော်မုန်းများဟာ ရင်သားတစ်ရှူးရဲ့ ကြီးထွားမှုကို ဖြစ်စေတဲ့အတွက် ပုံမှန်အမျိုးသားတွေမှာလို ကြွက်သား၊ အသားနဲ့ အဆီတက်ခြင်းကြောင့် ရင်အုပ်ထု ကြီးလာခြင်းမျိုးမဟုတ်ဘဲ အမျိုးသမီးများကဲ့သို့ ရင်သားရှည်ထွက်ပြီး နို့သီးခေါင်းများ ဆူထွက်လာနိုင်ပါတယ်။ တစ်ခါတစ်ရံ နို့သီးခေါင်းထိပ်ကနေ နို့ရည်များလည်း စိမ့်ထွက်လာနိုင်ပါတယ်။
၃။ ပန်းသေပန်းညှိုးရောဂါ (ED) - ပုံမှန်အားဖြင့် အသက်အရွယ်မရွေး အမျိုးသားတိုင်းဖြစ်နိုင်ပြီး အသက် ၄၀ နောက်ပိုင်းမှာ ကျားဟော်မုန်းနည်းလာတဲ့အတွက် သဘာဝအရ ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ကျားဟော်မုန်းဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒ၊ လိင်တံထောင်မတ်ခြင်းကို လှုံ့ဆော်ပေးတဲ့ အဓိကဟော်မုန်းဖြစ်တဲ့အတွက် သူ့နေရာမှာ မဟော်မုန်းတွေ များလာတဲ့အခါ လိင်တံထောင်မတ်မှု ကျဆင်းလာပြီး ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါတယ်။
အကယ်လို့ သင့်မှာ ကျားဟော်မုန်းနည်းပြီး မဟော်မုန်းများနေတယ်လို့ သံသယရှိရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ သေချာပြသပြီး သင့်တော်တဲ့ ဟော်မုန်းအစားထိုးကုသမှုများဖြင့် ကုသမှုခံယူသင့်ပါတယ်။
ရဲမျိုးမြတ်